ငဖဲ ဖေဖော်ဝါရီ ၂၈
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု၊ ပျဉ်း၀ကျေးရွာ ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ကျေးရွာအဆင့် သုံးသပ်ဆွေးနွေးခြင်းနှင့် မြစိမ်းရောင် စီမံကိန်းချေးငွေကျပ် (၄၆၆) သိန်းအား ပဉ္စမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးဝေလင်းမောင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် လုပ်ငန်းများ၊ မြစိမ်းရောင် စီမံကိန်း အတိုးရငွေဖြင့် မိမိကျေးရွာဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာပြည်သူများက မိမိတို့ ဆောင်ရွက်စိုက်ပျိုးလျက် ရှိသည့် လုပ်ငန်းများအား အသီးသီးပြောကြားကြပြီး အရင်းအတိုးများကို ပြန်လည်ပေးဆပ်ကြ သည်။
ထို့နောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေအရင်းအတိုးငွေ ကျပ် (၄၆၆) သိန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာပြည်သူ (၅၁) ဦးအား ပြန်လည် ထုတ်ချေးပေးခဲ့သည်။ ငဖဲမြို့နယ် ကျေးလက်ဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများကို ကျေးရွာ (၂၈) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)