ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များ တိုးတက် မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မို့မို့အောင်မှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အကဲဖြတ်ဒိုင် တစ်ဦးမှ ပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အမှတ်(၂၆) အခြေခံပညာ မူလတန်း ကျောင်းနှင့် အမှတ်(၁၉) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား / သူများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများ ကိုယ်စား ဆုရရှိသော ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)