မြစ်သား ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အခွင့်အရေးနှင့်အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂:၀၀)နာရီက မြစ်သားမြို့နယ် လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းတို့က အမှာစကား ပြောကြား ခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ထွန်းမေ၊ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မျိုးသက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်အမျိုးသမီး ကော်မတီအဖွဲ့ဝင် ဒေါ်ခင်စန်းညွှန့်၊ မြို့နယ် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဌ ဦးနေလင်း တို့က အမျိုးသမီးများအခွင့်အရေးနှင့် အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု ကာကွယ်ရေး ၊အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ပေးထားသည့်ဥပဒေများ၊လတ်တလောဖြစ်ပေါ်လျက်ရှိသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ(ကိုရိုနာဗိုင်းရပ်စ်)ရောဂါအကြောင်း၊မူးယစ်ဆေးဝါးပပျောက်ရေးနှင့်မှုခင်းကျဆင်ရေး စသည့်အကြောင်းအရာများကိုအသိပညာ ပေးဟောပြော ခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့မှုအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)၊ (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာန ဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများစုစု ပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ပေးပို့သူ-ဆုမွန်(မြစ်သားပြန်/ဆက်)