ရေကြည် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ဇရပ်လှကျေးရွာအုပ်စု ဘုန်းတော်ကြီး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများစုပေါင်း ကွင်းဆင်းဆောင်ရွက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲ ကျင်းပရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားလျက် တွေ့ဆုံပွဲအခမ်းအနား စတင်ကျင်းပခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွန့်က တရားဥပဒေစိုးမိုးရေးဆိုင်ရာ သိကောင်းစရာများ၊ မှုခင်းလျော့နည်းကျဆင်းရေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေ ဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာဇော်အောင် က ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်က ပြည်သူလူထု မီးဘေးအန္တရာယ် ကင်းရှင်းရေး အကြောင်းအရာများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း အသိပညာပေး အကြောင်းအရာများကို ဆွေးနွေး ဟောပြောပေးခဲ့သည်။
ထို့နောက် ဇရပ်လှကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၁၁)ဦးတို့က သိရှိလိုသော အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲ အခမ်းအနား ပြီးဆုံး ခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားအပြီး၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဒေသခံပြည်သူများသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၅ဝ)ခုအား ပေးအပ်ခြင်း၊ မြန်မာ့တိုင်းရင်း ဆေးဝါးများ အခမဲ့ပေးဝေခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း အစီအစဉ်များကို ဒေသခံပြည်သူများသို့ ဝန်ဆောင်မှုပေး ဆောင်ရွက် ခဲ့ကြောင်းနှင့် အဆိုပါ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စုပေါင်း ကွင်းဆင်းဆောင်ရွက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲ ကွင်းဆင်း ဆောင်ရွက်ခြင်း အစီအစဉ်သို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူလူထု စုစုပေါင်း (၁၈ဝ)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)