အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ကျောက်ကြီး     ဇန်နဝါရီ    ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု သဲကုန်းကျေးရွာ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ငွေ၊ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးတို့က အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး တောင်ငူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဘသိန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေပေးရေး၊ မီးလင်းရေး၊ လူထုဗဟိုပြုစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်းနှင့် အခြားအသက်​မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ လူထုဗဟိုပြုစီမံကိန်းတွင် အခြေခံအဆောက်အဦများနှင့် လမ်းတံတားများ မြစိမ်းရောင်စီမံကိန်းတွင် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရန်တစ်ပိုင်တစ်နိုင်စိုက် ပျိုးရေး၊မွေးမြူရေးများ ဆောင်ရွက်ရန် အရင်းအနှီးထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေနှင့်ဒေသနှင့်ကိုက်ညီသည့် အထောက်အကူပြုသင်တန်းများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး လုပ်ဆောင်ပေးလျက်ရှိ ကြောင်းပြောကြားခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို သင်တန်းသား(၂၅)ဦး တက်ရောက်ပြီး ဇန်နဝါရီ(၂)ရက်နေ့မှ ဖေဖေါ်ဝါရီ(၅)ရက်နေ့အထိ (၃၅)ရက်ကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

K ခိုင် ( ပြန်/ဆက်)