မြင်းခြံ ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Coronavirus 2019 (COVID-19) ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ လူစည်ကားရာနေရာများတွင် လိုက်လံ ဖြန့်ဝေခြင်းကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာသင်းသီရိအောင်၊ ဒေါက်တာရာဇာထိုက်နှင့် ဝန်ထမ်းများ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးလင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအဖွဲ့သည် လူစည်ကားရာနေရာများဖြစ်သည့် "ကားကြီးကွင်း"၊ "မြို့လယ်မီးပွိုင့်" စသည့် နေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော "Coronavirus 2019 (COVID-19)" ကူးစက်မှုအန္တရာယ်မှကာကွယ်ပါ လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ပြည်သူများကို ဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာများ ကပ်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် Coronavirus Disease2019(COVID-19)၏ ကူးစက်နိုင်ခြေရှိသော နည်းလမ်းများနှင့် ကာကွယ်ရန်နည်းလမ်းများကို ဖော်ပြထားကြောင်း သိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)