ပန်းဘဲတန်းမြို့နယ်တွင် ကလေးပျော်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ပန်းဘဲတန်း    ဇန်နဝါရီ   ၃

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကလေးပျော်စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက  ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးသန်းနိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုထွေးက ကလေးပျော်စာကြည့်တိုက် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ကင်းထောက်ကြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက စာကြည့်တိုက်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ကလေးပျော် နံရံဆေးရေးပန်းချီများ ရေးဆွဲပေးသော TAW WIN Art Gallery မှ ဦးခင်မောင်ဝင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ‌ကို မြို့နယ်ပညာရေးမှူးက ပေးအပ်ခဲ့သည်။

ယင်းနောက် ကလေးပျော်စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို အလှူရှင်များမှ လှူဒါန်းပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမြင့်က လက်ခံခဲ့ကာ ကလေးများက စာဖတ်စွမ်းရည်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို သိတတ်ခြင်း၊ စာကြည့်တိုက် အသုံးဝင်ပုံကို ကျောင်းသူလေးများမှ လက်တွေ့သရုပ်ဖော် ပြသခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များမှ ကလေးပျော် စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေခြည်(ပြန်ဆက်)