သရက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက သတ္တဌာနဘုရားကြီးတွင် ကျင်းပရာ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနား ဖွင့်လှစ်ပေးပြီးနောက် ယဉ်ကျေးမှုတက္ကသိုလ် စောင်းအဆိုတော် မဏိသာက ထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ပြီး ဆရာတော် သံဃာတော်များက ဇယန္တောဗောဓိယာမူလေ အစချီသော အောင်ခြင်းဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့်သူများမှ မြို့နယ်သံဃနာယကဆရာတော် မြဂဲတောင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူတည်ဆောက်ကြပြီး ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တော်မူသော ရွှေစေတီသော့ကို ဂေါပကအဖွဲ့များမှ ဖွင့်လှစ်ကာ ပင့်ဆောင်ပြီး ကျိုက်ဒေးယျုံဆရာတော်ထံ ဆက်ကပ်ပေးပြီး ဆရာတော်မှ မြတ်စွယ်တော် အပူဇော်ခံပလ္လင်ပေါ်သို့ ပင့်ဆောင်ပေးခဲ့သည်။ ယင်းနောက် ဗုဒ္ဓမြတ်စွယ်တော်အား မြို့တွင်းသို့ ဒေသစာရီကြွချီ အပူဇော်ခံရန် ဆရာတော်များမှ လျှောက်ထားကာ ဒေသစာရီကြွချီအပူဇော်ခံမည့် ကရဝိတ်ယာဉ်ပေါ်သို့ ဆရာတော်များထံမှ ဂေါပကလူကြီးများ၊ ပွဲတော်ကျင်းပရေးနာယကကြီးများ၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဝင်၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက လက်ဆင့်ကမ်း ပူဇော်ကာ လှည့်လည်အပူဇော်ခံမည့် ကရိတ်ဝိတ်ယာဉ်ပေါ်ရှိ ဂေါပကလူကြီးများထံ ပင့်ဆောင်ပေးသည်။ ထို့နောက် ဂေါပကလူကြီးများက မြတ်စွယ်တော်ကို အပူဇော်ခံ ကျောင်းဆောင်အတွင်းပင့်ဆောင်ပေးကာ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာ ရပ်ကွက်များမှ ဝတ်အသင်းမျာ ရွတ်ဆိုခြင်း၊ ယိမ်းအဖွဲ့ များမှ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)