ဂန့်ဂေါ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ သမိုင်းဝင် ဇမ္ဗူ့ထိပ်ခေါင် ရန်မျိုးအောင် ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဂန္ဓကုဋိတိုက်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ က အသက် ၇၅ နှစ်နှင့် အထက် အဘိုး၊ အဖွားများအား သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲတွင် နမောတဿ(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ ရတနာသုံးပါးအား ဩကာသကန်တော့ချိုးဖြင့်ပူဇော် ကန်တော့ကာ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။
ထို့နောက် အသက် (၇၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးသူ (၇၆) ဦးအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြရာ အဘိုးများကိုယ်စား ဦးရာတင်နှင့် ဦးစန်းကြည်၊ အဖွားများ ကိုယ်စား ဒေါ်သိန်းကြည် တို့က ဆုတောင်းမေတ္တာ ပို့သပေးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)