ပွင့်ဖြူ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ယမန်နနေ့မှ စတင်ကာ မြို့နယ်အတွင်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရမည့် ကောက်ကွက် (၁၅) ကွက်ကို ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့် ထံမှ သိရသည်။
အဆိုပါ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ပွင့်ဖြူမြို့နယ်၌ ကောက်ကွက်စုစုပေါင်း (၁၅) ကွက်ရှိပြီး ဇန်နဝါရီ ၂ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ အပြီးကွင်းဆင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာနှင့် ကျောင်းကုန်းကျေးရွာတို့တွင် မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က စာရင်းကောက်ယူရေးအဖွဲ့တွင် ပါဝင်သည့် စာရင်းစစ်/ စာရင်းကောက်(၉)ဦးဖြင့် Mobile Tablet များအသုံးပြုကာ CAPI နည်းစနစ်ဖြင့် လူဦးရေသန်းခေါင်စာရင်းများကို စနစ်တကျ ကောက်ယူဆောင်ရွက်နေကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် ယခု ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှုကို ယခုလ ၂ ရက်နေ့က စပြီး ၁၅ ရက်နေ့အထိ ကွင်းဆင်း ကောက်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စာရင်းများကောက်ယူရာ၌ ယခင်က ကောက်ယူခဲ့တဲ့ မေးခွန်းစာရွက်အသုံးပြုတဲ့နည်းနဲ့ ကောက်ယူသွားခြင်းမျိုး မဟုတ်တော့ဘဲ နိုင်ငံတော်တော်များများမှာ အသုံးပြုနေပြီဖြစ်တဲ့ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦး ချင်း မေးမြန်းစာရင်းကောက်ယူတဲ့စနစ် CAPI ( Computer Assisted Personal Interviewing ) အသုံးပြုတဲ့နည်းစနစ်နဲ့ ကောက်ယူ နေတာဖြစ်ပါတယ်။ ယခုလို ကြားဖြတ်စာရင်းကောက်ယူရခြင်းမှာ ယခင် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း (၁၀)နှစ်တာကာလတွင် မြန်မာနိုင်ငံလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ကောက်ယူနိုင် ရေး ၊ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်း အချက်အလက်များ ပြောင်းလဲမှုကို နှိုင်းယှဉ်လေ့လာနိုင်ရန် ၊ မြန်မာ နိုင်ငံ၌ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ( Myanmar Sustainabke Development Pkan – MSDP ) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ကောက်ယူနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကောက်ယူနေခြင်းဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးအောင်ဇော်တင့် က ပြောပြသည်။
ရဲဝင်းနိုင် ( ညောင်ဦး )