ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

 

မတ္တရာ ဇန်နဝါရီလ ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ် အထက(ခွဲ) တံငါမြောက်တွင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်  ၉နာရီက အဆိုပါ ကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေမှ ခွင့်ပြုငွေသိန်း(၇၂၀)ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပေ ၁၀၀ × ၃၀ RC တစ်ထပ် ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်၊ မြို့နယ်ပညာရေးမှူး ဒေါက်တာအေးအေးသန့်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ပြီး ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်ပေးခဲ့ကြသည်။ ထို့နောက် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအား ဆက်လက်ကျင်းပရာ ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါက်တာအေးအေးသန့်တို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပညာရည် ထူးချွန်ဆု၊ အားကစားထူးချွန်ဆု၊ သင်ကြားရေးထူးချွန်ဆုနှင့် ကျောင်းအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား တက်ရောက်လာသည့် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိ သူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများမှ တေးသရုပ်ဖော် အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ပညာရေးမှူးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအကျိုး တော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)