ညောင်ဦး ဖေဖော်ဝါရီ ၁
ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေး ဌာနစိတ်မှ ကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး၊ အုတ် ကျောင်း စသည်တို့အား ၂၀၁၉ခုနှစ် ဇန်နဝါရီ ပထမပတ်မှစ၍ Area-a, Area-B ,Area-C, Area-D အပိုင်းလေးပိုင်း သတ်မှတ်ပြီး သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ Area-C အတွင်းရှိ ဘုရား (၆၃၇)ဆူခန့်ကို (၁/၂၀၁၉)မှ(၃/၂၀၁၉)အထိ သုံးလသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Area –A အတွင်းရှိ ဘုရား(၃၈၇)ဆူခန့်ကို (၆/၂၀၁၉)မှ (၈/၂၀၁၉)အထိ သုံးလ သန့်ရှင်းရေး ဆောင်ရွက်ခံခြင်းနှင့် Area-B အတွင်းရှိ ဘုရား(၄၂၀)ဆူခန့်ကို (၉/၂၀၁၉)လမှ (၁၁/၂၀၁၉)လအထိ သန့်ရှင်းရေး သုံးလ ဆောင်ရွက်ခဲ့သည့် အခြေအနေများကို သန့်ရှင်းရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ ကွင်းဆင်း စိစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေး ဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းထံက သိရသည်။
ယခုအခါ Area-D အတွင်းရှိ ဘုရား (၁၃၇၂)ဆူကို ပထမဦးစားပေး(Area-D1)တွင် ဘုရား(၄၅၄)ဆူနှင့် ဒုတိယဦးစားပေး (Area-D2)တွင် ဘုရား(၉၁၈)ဆူခန့်အနက်မှ ပထမဦးစားပေးဖြစ်သော (Area-D1)ဧရိယာအတွင်းရှိ ဘုရား (၄၅၄)ဆူကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ သုံးလဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းကရှင်းပြသည်။
အဆိုပါဘုရား (၄၅၄)ဆူ၏ သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ ဘုရားများအပေါ်ပိုင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဘုရားလှိုင်အတွင်းရှိ ဆင်းတုတော်များ၊ လှိုင်ပတ်လမ်းများကို သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ရင်ပြင်တော်မှ ပေနှစ်ဆယ်အကွာ အောက်ခြေပတ်ပတ်လည် ပေါင်းမြက်ခြုံနွယ်များကိုရှင်းလင်း၍ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (၁၄၆)ဆူ ဆောင်ရွက်ပြီးဖြစ်ကြောင်း ဆောင်ရွက်ရန်ကျန်ရှိနေသော ဘုရား၊ စေတီ၊ ပုထိုး၊ အုတ်ကျောင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းကရှင်းပြ၍ သိရသည်။
ကိုထိန်(ငါ့သရောက်)