ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ် ရန်ပုံငွေ ပေးအပ်

ထန်းတပင် ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံ ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွဲကူးကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ပေးအပ်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင် က မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား ကုန်ထုတ်လုပ်ငန်းများနှင့် အခြား အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာနေပြည်သူ (၁၂၃)ဦးတို့ကို မြို့နယ်ဦးစီးမှူး ဦးအေးနိုင်နှင့် တာဝန်ရှိသူများက စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ်သိန်း(၃ဝဝ)ကို ပေးအပ်ခဲ့ကြသည်။

ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရေး၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် စီမံကိန်းမှတိုးပွားလာသော အတိုးရငွေဖြင့် ကျေးရွာ၏ လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ယူနစ်(၂၀) ကျေးရွာပေါင်း(၂၀)ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် မြောက်လွှတ်ကုန်းကျေးရွာနှင့် တုံးလုံးပိုကျေးရွာ (၂)ရွာကို ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)