ပွင့်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု ၊ ရွှေဘိုရွာမကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ယခုဖွင့်လှစ်သည့်သင်တန်းသည် ကျေးလက်နေအမျိုးသမီးများအိမ်တွင်းမှုလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ တက်ရောက်သင်ယူခဲ့ကြသည့် သင်တန်းသားများအနေဖြင့် မိမိတို့ လေ့လာသင်ယူခဲ့ရသော အခြေခံစက်ချုပ်နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ပြီး ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းကို ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုရွာမကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ စက်ချုပ်ပညာရပ်စိတ်ဝင်စားသည့် သင်တန်းသား ၃၀ ဦး တက်ရောက်သင်ကြားခဲပြီး ဇန်နဝါရီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အမျိုးသားဝတ် တီရှပ်လက်တိုလက်ရှည်ချုပ်နည်းများ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ ရင်စိအင်္ကျီချုပ်နည်းများနှင့် ဘောင်းဘီတို၊ ဘောင်းဘီရှည်ချုပ်နည်းများကို စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )