နမ့်စန်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေများပေးအပ်

 

နမ့်စန်(တ)    ဇန်နဝါရီ    ၃

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နေ့လည် ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအပိုင်းနှင့် ငွေစာရင်း ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်က ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များ နှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် နှင့် တာဝန်ရှိသူများက နမ့်စန်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁ ထောင် ဖြင့် ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်း ၂ ခု၊ ကျေးလက်လမ်း၊ တံတားလုပ်ငန်း ၁၂ ခုနှင့် ပြည်သူလူထု အမှန်တကယ်လိုအပ်သော အခြားလုပ်ငန်း ၁၂ ခု ၊ စုစုပေါင်းလုပ်ငန်း ၂၆ ခု တို့အတွက် လုပ်ငန်းအလိုက် ခွင့်ပြု ရန်ပုံငွေ (ချက်လက်မှတ်)များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖော်ရေး ကော်မတီဝင်များထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။        

သူရအောင်(ပြန်/ဆက်)