ဝမ်းတွင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် နွားပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၃) ရက်နေ့မှ စတင်ကာ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
(၇၂) နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် မြန်မာရိုးရာ နွားပြိုင်ပွဲကြီးတွင် နွားကြီးခြေအသွားကျပြိုင်ပွဲ၊ နွားလတ်ခြေအသွားကျပြိင်ပွဲ၊ နွားလေးခြေ အသွားကျပြိုင်ပွဲနှင့် ဒုန်းနွားလှည်း ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး ယခုနှစ်တွင် နွားကြီးခြေအသွားကျ၊ နွားလတ်ခြေအသွားကျ၊ နွားလေး ခြေအသွားကျပြိုင်ပွဲများကိုလည်း အဆင့်မရှိ “မဲစနစ်”ဖြင့်တွဲ၍ နေ့စဉ်ကျင်းပပေး လျက်ရှိကြောင်းနှင့် နေ့စဉ်ပထမဆုရ နွားကျော်မှအပ ကျန်နွားများ ပြိုင်ပွဲဝင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ (၇၂)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် မြန်မာရိုးရာ နွားပြိုင်ပွဲကြီးသို့ မိတ္ထီလာမြို့၊ မုန်တော၊ ထနောင်းကုန်း၊ ကျောင်းကုန်း၊ လှည်းဘွဲ(ညောင်ရမ်း)၊ ဘုရားစု၊ ထိန်ကန်ကြီး၊ နတ်ကန်၊ သဲတော၊ ဆည်ရွာ၊ ခင်ကြီးတို့မှ မြန့်မာ့ရိုးရာ နွားချစ်သူ ဝါသနာရှင်များမှ လာရောက် ယှဉ်ပြိုင်ကြကြောင်း၊ ပြိုင်ပွဲများတွင် နွားလေး(၂၀)၊ နွားလတ် (၁၂)ချင်း၊ နွားကြီးခြေ အသွားကျ(၄)ချင်း၊ ဒုန်းနွား(၈) ချင်း တို့ပါဝင်ကြောင်း မြန်မာ့ရိုးရာနွားပြိုင်ပွဲကော်မတီ ဒုတိယဉက္ကဋ္ဌ ဦးညီလွင်က ပြောပြသည်။
(၇၂)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် မြန်မာရိုးရာ နွားပြိုင်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၃)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုများကို အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)