ကျောက်ပန်းတောင်းမြို့နယ်တွင် အချိန်ခါမဟုတ်မိုးရွာခြင်းကြောင့် ပြောင်းနှံများမပျက်စီးစေရန် ဆောင်ရွက်

ကျောက်ပန်းတောင်း  ဇန်နဝါရီ     ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိပြောင်းစိုက်တောင်သူများ ဒီဇင်ဘာ ၂၇ ရက်နှင့်ဒီဇင်ဘာ ၂၈ ရက်၊ ဇန်နဝါရီ ၁/၂ ရက်တို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် ရိတ်ပြီးသားပြောင်းခင်းများမှ ပြောင်းနှံများ မိုးမိပြီးမပျက်စီးစေရန် လူအင်အားသုံး သိမ်းဆည်း နေရကြောင်း ပြောင်းစိုက်တောင်သူများထံကသိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိကျေးလက်တောင်သူများသည် ပြောင်းစိုက်ပျိုး ခြင်းအား ခိုင်းနွားများအတွက်ကြဲပက်စိုက်ပျိုးကြပြီး ထွက်တိုးပြောင်း၊ ခွံပြောင်း(ဒေသမျိုးရင်း)တို့ကို သာအဓိကထားစိုက်ပျိုးကြဲပက်ကြကြောင်းနှင့် ပြောင်းကြဲပက်စိုက်ပျိုးရာတွင် အခြားသီးနှံများကဲ့သို့ မပြုစုရဘဲ မိုးရွာသွန်းချိန် မြေဆီ၊ မြေနှစ် ထည့်ပေးရကြောင်း ရွက်ဖြန်းဆေး၊ ပိုးသတ်ဆေး ဖြန်းပေးခြင်း မပြုလုပ်ရဘဲ သဘာဝအတိုင်းသာ ကြဲပက်စိုက်ပျိုးကြကြောင်းသိရပြီး ခိုင်းနွားများအတွက်သာ စိုက်ပျိုးပြီး ပြောင်းရိတ်သိမ်းချိန်ဖြစ်သည့် ဒီဇင်ဘာလနောက်ဆုံးအပတ်မှ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင် ရိတ်သိမ်းကာ ပြောင်းပင်များအား တနိုင်အထုံးလောက်သာ ချထားပြီးပုံထားခဲ့ကြောင်း ရိတ်ထားပြီး သုံးလေးရက် ယာခင်းထဲနေလှန်းရကြောင်း ပြောင်းနှံများ ခြောက်သွားရန်အတွက်ဖြစ်ကာ နေလှန်း ပြီးချိန် ပြောင်းနှံခူးရန်(ဓားဖြင့်ဖြစ်စေ ၊တံဇဉ်ဖြင့် ဖြစ်စေ) ထစ်ပြီးခူးရကြောင်း တောင်သူဒေါ်ဆွေဆွေ ကရှင်းပြသည်။

ဒေသမျိုးရင်းခွံပြောင်းများအား ဝါဆိုလ၊ ဝါခေါင်လတို့တွင် ကြဲပက်စိုက်ပျိုးကြပြီး မိုးရွာချိန်တွင် ပုလဲ(ခေါ်) ယူရီယားဓာတ်မြေဩဇာတစ်မျိုးသာ တစ်ကြိမ်နှစ်ကြိမ်ကြဲဖြန့်ကာ ပြောင်းပင်များ ဖြစ်ထွန်းစေရန်ကျွေးရကြောင်းနှင့် ပြောင်းတစ်တင်းလျှင်  နှစ်သောင်းငါးထောင်ကျပ်မှ နှစ်သောင်း ခုနှစ် ထောင်ကျပ်ထိရောင်းချရပြီး ခွံပြောင်း (ဒေသမျိုးရင်း) ဆန်များအား ပြောင်းနှံ ထစ်ပြီးချိန် အိမ်သို့ သယ်ဆောင်ကာ မြေတလင်းပြုလုပ်ပြီး စုပုံကာ ခိုင်းနွားနှစ်ကောင်ဖြင့် ပတ်ချာလှည့် နင်းနယ်ချွေပြီး ပြောင်းဆန်များ ရောင်းတန်းဝင် အဆင့်ရောက်ရှိကြောင်း သိရသည်။

ခွံပြောင်းဆန်များအား ဆန်ဖြင့် ရောကာ ထမင်းချက်စားခြင်း၊ မုန့်ဖက်ထုပ်လုပ်စားခြင်းနှင့် စဉ့်အိုးဖြင့်စိမ်ကာ ခိုင်းနွားများသန်မာစေရန် ကျွေးခြင်းနှင့် ပြောင်းအရက်ချက်လုပ်ခြင်းများ ပြုလုပ်ကြကြောင်းသိရပြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ပြောင်းနှံများမပျက်စီးစေရန်အတွက် ပြောင်းနှံခူး(ထစ်)သမအင်အားသုံးကာ အမြန်သိမ်းနေရကြောင်း ပြောင်းစိုက်တောင်သူများထံက သိရသည်။

ကိုထိန်၊ငါ့သရောက်