နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ မလှိုင်မြို့၌ ကျင်းပ

မလှိုင် ဖေဖော်ဝါရီ ၂၇

မလှိုင်မြို့နယ် (Book Club) အဖွဲ့နှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ ဆင်တဲဝ မြတ်ဖုန်း၏ ခြေရာတို့၏အသံ ဝတ္ထုတိုများ စာအုပ်ပါအကြောင်းအရာများမှ တောင်ဘုံသူ နှင့်အလှတရား  ဝတ္ထုနှစ်ပုဒ်ကို ဉာဏ်လင်းထက် (မန္တလေး)၊ ဦးတင်ဦး( ဦးတင်ဦး- ပညာရေး )၊ ဦးအောင်သူဟန်(သွေးဦး-မလှိုင်)၊ ဦးရွှေနန်း ၊ ဒေါက်တာဒေါ်ပြုံး (ပါမောက္ခ-ငြိမ်း)၊ ဦးသန်း ၊ ဒေါက်တာချမ်းသာဦး၊ ဦးသိန်းကြွယ် တို့က ရှုထောင့်အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးခဲ့ကြသည်။  ယင်းနောက်( Book Club )အဖွဲ့ ဥက္ကဋ္ဌ ဆရာဦးဆန်နီ က  စာပေဝါသနာရှင် အသီးသီးတို့၏ တင်ပြဆွေးမှုအပေါ် ခြုံငုံသုံးသပ်ပေးခဲ့ပြီး တောင်ဘုံသူဝတ္ထုတွင် ပတ်ဝန်းကျင်ကောင်း၊ သခင်ကောင်းရှိပြီး မေတ္တာ စေတနာထားဆက်ဆံခဲ့လျှင် တိရိစ္ဆာန်ပင်လျှင်  လိမ္မာယဉ်ကျေးလာသည်ကို အတုယူစေချင်ကြောင်း၊ လူငယ်များအနေဖြင့် မေတ္တာစေတနာထား လုပ်ကိုင်ဆောင်ရွက်မည်ဆိုလျှင် အောင်မြင်မှုပန်းတိုင်ရောက်ရှိမှာ အမှန်ဖြစ်ကြောင်း ပြောကြားကာ လူငယ်များစာဖတ်ကြဖို့ တိုက်တွန်း ပြောကြားခဲ့သည် ။  

ထို့နောက် မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က တက်ရောက်ဆွေးနွေးပေးပါသော စာရေးဆရာများကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စာဖတ်သူတိုးပွားရေးအတွက် မိမိတို့နှင့် နီးစပ်ရာ စာပေဝါသနာရှင်များ၊ စိတ်ပါဝင်စားသူများကို စာဖတ်ဝိုင်းများသို့ လက်တွဲခေါ်ဆောင်လာခဲ့ပေးရန် တိုက်တွန်း ပြောကြားခဲ့သည် ။

အောင်ဌေး(မလှိုင်)