မန္တလေး ဖေဖော်ဝါရီ ၁
“ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံအခြေခံမူများ’’ ဆိုင်ရာ အကြံပြုဆွေးနွေးပွဲကို မန္တလေးမြို့၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ၆၇လမ်းနှင့် ၆၈လမ်းကြားရှိ ဆာကူရာဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ငြိမ်းဖောင်ဒေးရှင်းမှ သုတေသနနှင့် မူဝါဒရေးရာ အစီအစဉ်မန်နေဂျာ ဦးအောင်စဲန်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စီမံကိန်းအရာရှိ နော်ဂျူးလိယက် မှ “ဖက်ဒရယ်စနစ် ဘဏ္ဍာရေး အစီအမံအခြေခံမူများ’’ ဆိုင်ရာ စီမံကိန်း အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် Forum of Federation မှ အစီအစဉ်မန်နေဂျာ ဦးထွန်းမင်းဦးက အသုံးစရိတ်ခွဲဝေခြင်းနှင့် ပတ်သက်၍ အယူအဆ သဘောတရားများအား လည်းကောင်း၊ အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ အယူအဆသဘော တရားများအား လည်းကောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် Forum of Federation မှ နယ်မြေညှိနှိုင်းရေးမှူး ဦးမြင့်ထွန်း က အသုံးစရိတ် တာဝန်များခွဲဝေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ အဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် အုပ်စုဖွဲ့ကာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက် မှ ၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးအရပ်ဖက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ မှ တဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံတွင် တင်သွင်း ဆွေးနွေးမည့် “ဖက်ဒရယ် စနစ် ဘဏ္ဍာရေး အစီအမံအခြေခံမူများ’ဆိုင်ရာ အကြံပြုဆွေးနွေးပွဲ အစီအစဉ်အား ငြိမ်းဖောင်ဒေးရှင်း အဓိက ပံ့ပိုးကာ Forum of Federation မှ နည်းပညာပိုင်းဆိုင်ရာများ ပံ့ပိုးခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)