ရန်ကုန် ဇန်နဝါရီ ၅
ယနေ့နံနက် နံနက် ၉ နာရီခွဲက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်(၁၁၅) ဖွံ့ဖြိုးရေးစီမံချက် (ဒုတိယအုပ်စု)လုပ်ငန်းမိတ်ဆက်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နာယက ဦးတင်မောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဒေါ်အဝင်းက နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒု-ဥက္ကဋ္ဌ(၁)ဒေါ်မြတ်စမ်းငြိမ်းက ကျောင်းစာကြည့်တိုက်(၁၀၀) ဖွံ့ဖြိုးရေးစီမံချက်ကို မိတ်ဆက်ရှင်းလင်း ခြင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ စီမံချက်လုပ်ငန်းညှိနှိုင်းရေးမှူး ဒေါ်မိမိက ကျောင်းစာကြည့်တိုက် (၁၁၅) ဖွံ့ဖြိုးရေးစီမံချက် (ဒုတိယအုပ်စု) လုပ်ငန်းအစီအစဉ်တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးနှင့် အဆင့်မြှင့်တင်ရေးစီမံချက်အောင်မြင်ရန် ပါဝင်ဆောင်ရွက်ပေးသော စာကြည့်တိုက်မှူးများအား မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ နာယက ဆရာကြီး/ဆရာမကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကျောင်းစာကြည့်တိုက် (၁၁၅) ဖွံ့ဖြိုးရေးစီမံချက် (ဒုတိယအုပ်စု) လုပ်ငန်းမိတ်ဆက်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ(၅)ရက်နေ့မှ(၆)ရက်နေ့ထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ကျောင်းစာကြည့်တိုက်ကို တာဝန်ယူဆောင်ရွက်မည့် ဆရာ/ဆရာမများ၊ စီမံချက်အောင်မြင်အောင် ပါဝင်ဆောင်ရွက်ပေးမည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူးများနှင့် Community စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြပြီး စာကြည့်တိုက်တစ်ခု ဖွဲ့စည်းတည်ထောင်မှုနှင့် စီမံခန့်ခွဲမှုစနစ်များကို စာကြည့်တိုက်ပညာရှင်များက ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ(iprd)