စလင်းမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်

စလင်း    ဇန်နဝါရီ    ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပေါင်းနားရပ်ကွက်၊ မင်းဘူး-စလင်း ကားလမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ စတေကာကပ်ပေးခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

မော်တော်ဆိုင်ကယ်စီးရာတွင် "အရှိန်ပြင်းပြင်းမမောင်းနဲ့"၊ "နှစ်ဦးထက်ပိုမစီးရ"၊ "ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ" အစရှိသည့် စာသားများပါဝင်သော စတစ်ကာများကို မော်တော်ဆိုင်ကယ်များတွင် အခမဲ့ကပ်ပေးခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ထုတ်ဝေသည့် ယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခြင်းများကို စလင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ်အောင်ချိုမိုး ဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၈ ဦးနှင့်အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

မောင်လွင်(ပြန်/ဆက်)