ကြို့ပင်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ကြို့ပင်ကောက် ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း စတင်ဆောင်ရွက်ခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၂ ရက်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ကော်မတီဝင်များက မြို့နယ်အတွင်း ကျေးရွာအုပ်စု (၈)အုပ်စု  ကောက်ကွက် (၉) ကွက် ကို စာရင်းကောက်ယူရေး အဖွဲ (၅)ဖွဲ့မှ ကောက်ယူသွားမည် ဖြစ်ရာ ပန်းတင်ရပ်ကွက်၊ ဉယျာဉ်လမ်းမှ စတင်ပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း၊ နှင့်အဖွဲ့တို့က ဇန်နဝါရီလ ၂ ရက်နေ့မှစတင်၍ ကွင်းဆင်း၍ စာရင်းစတင်ကောက်ယူခဲ့ကြသည်။

၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် ကြားကာလအတွင်း နိုင်ငံ၏လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအချက်အလက်များကို အနီးစပ်ဆုံးခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သောစာရင်းအချက်အလက်များ၏ ပြောင်းလဲမှုကို သုတေသနပြုနိုင်ရန်နှင့် နိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတို့ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သောအညွှန်းကိန်းများ ရရှိနိုင်ရန်အတွက်ရည်ရွယ်ပြီး ယခုကောက်ယူမည့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ယခင်ကောက်ယူခဲ့သည့် မေးခွန်းစာရွက် အသုံးပြုသည့်နည်းဖြင့် ကောက်ယူမည်မဟုတ်ဘဲ Mobile Tablet ကို အသုံးပြုကာ ကွန်ပျူတာအထောက်အကူပြု တစ်ဦးချင်းမေးမြန်း ကောက်ယူသည့် စနစ်(CAPI)စနစ်ဖြင့် ကောက်ယူခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးမှူး ဦးသန်းထွန်းထံမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)