မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

မိတ္ထိလာ ဇန်နဝါရီ  ၅

မိတ္ထီလာမြို့နယ်၌ အဋ္ဌမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်လုံးဆိုင်ရာ လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး လုမ္ပိနီယာဉ်ကျေးလိမ္မာဓမ္မသင်တန်းမှ အဖွဲ့ဝင် ဦးဖြိုးဝေသန့်က လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

မြို့နယ်လုံးဆိုင်ရာယဉ်ကျေးလိမ္မာ အခြေပြုအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်များတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆရာမကြီး ဒေါ်နီလာအေးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက ယဉ်ကျေးလိမ္မာ သရုပ်ပြသခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက  လုမ္ပိနီဓမ္မစကူးလ် သီချင်း၊ ဇာတိမာန်သီချင်းများဖြင့် သံပြိုင်သီဆိုခဲ့ကြသည်။ ၎င်းနောက် လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား အလှူရှင်များက စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မကျီးကုန်း၊ နန်းတော်ကုန်း၊ ပြည်သာယာ၊ ရန်မျိုးအောင်၊ အောင်ဇေယျာရပ်ကွက်များတွင် နှစ်စဉ်ဖွင့်လှစ်ပေးခဲ့သည်မှာ အဋ္ဌမအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(ပြန်ဆက်)