ပေါက်မြို့နယ်၌ ယောချောင်း ဘေးတစ်လျှောက်
ပေါက် ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ယောချောင်းဘေးတစ်လျှောက်တွင် ဇန်နဝါရီ ၁ ရက်နေ့ညနေပိုင်းမှ ဇန်နဝါရီ ၅ ရက်နေ့အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆောင်းရာသီ ကြက်သွန်စိုက်တောင်သူများ၏ စိုက်ခင်းများအတွင်း ရေများဝင်ရောက် လျက်ရှိကြောင်း သိရသည်။
ပေါက်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၇၅) အုပ်စုနှင့် ကျေးရွာပေါင်း (၂၃၅) ရွာရှိရာ ကျေးရွာအုပ်စုများသည် ဆောင်းရာသီစိုက်ပျိုးရေးအတွက် ကြက်သွန်ကို အဆိုပါ ချောင်းမကြီး ဘေးတစ်လျှောက်၌ အဓိထားစိုက်ပျိုးလျက်ရှိသည်။ ကြက်သွန်စိုက်ပျိုးရန်အတွက် မြေပြင်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာလဆန်းပိုင်းတွင် ခေတ်မီလယ်ထွန်စက်ကြီးများဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး မြေဩဇာများထည့်၍ ဒီဇင်ဘာ နောက်ဆုံးပတ်မှ ယနေ့အချိန်ထိ စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီ ၁ ရက်နေ့ညနေပိုင်းမှ ဇန်နဝါရီ ၅ ရက်နေ့အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အဆိုပါစိုက်ခင်းများသည် ယောချောင်းရေများ ဖုံးလွှမ်းခြင်းခံရပြီး ယခုနှစ် ဆောင်းရာသီ ကြက်သွန်စိုက် တောင်သူများ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
ယခုနှစ်ပေါက်မြို့နယ်၌ ယောချောင်းကြက်သွန်စိုက်ဧက စုစုပေါင်း(၁၁၄၆) ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးထံမှ သိရသည်။ ကြက်သွန်စိုက်ပျိုးစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်(၁၅)သိန်းဝန်းကျင်ခန့် ကုန်ကျကုန်ကြကြောင်း၊ လက်ရှိ အခြေအနေအရ ကြက်သွန်စိုက်ခင်းအများစုသည် ရေနစ်မြုပ်မျောပါ ပျက်စီးခဲ့ရပြီး ရေပြန်လျော့နည်းသွားချိန်တွင်လည်း တောင်သူအများစုမှာ စိုက်ပျိုးစရိတ် မတတ်နိုင်၍ ပြန်လည် စိုက်ပျိုးနိုင်တော့မည် မဟုတ်ကြောင်း ကြက်သွန်စိုက်ပျိုးတောင်သူများထံမှ ကြားသိရသည်။
သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများက ပျက်စီးဆုံးရှုံးသွားသောကြက်သွန်စိုက်ဧကများအတွက် တောင်သူတစ်ဦးချင်း၏ အမည်စာရင်းနှင့် စိုက်ဧကများကို ကွင်းဆင်းကောက်ယူ နေကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)
ကြက်သွန်စိုက်ခင်းများအတွင်း ရေများဝင်ရောက်လျက်ရှိ