ပွင့်ဖြူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်စေရေးအတွက် တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ် ပြန့်ပြန့် မွေးမြူလုပ်ကိုင်နိုင်ရေးအတွက် ရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေးနိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က ဒေသခံ ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက် ပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း ၊ ထိုသို့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် အခက်အခဲများ ကြုံတွေ့လာပါက သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ အကူအညီ ရယူဆောင်ရွက်သွားကြစေလိုကြောင်း ၊ ယခု လာရောက်ခြင်းသည် စံပြကျေးရွာရှိ ဒေသခံပြည်သူများ မျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရန်အတွက် ရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးရန် လုပ်ငန်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရန် လာရောက်ရခြင်းဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံတိရစ္ဆာန်မွေးမြူရေးဆိုင်ရာနည်းလမ်းများ ၊ ကူးစက်ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ် ရမည့် နည်းလမ်းများနှင့် ရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးငွေဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက မွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးနိုင်ရန် ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒဖြင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဝင် ၉ ဦးအား ရွေးချယ်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )