မကွေးမြို့နယ် လျောင်းတော်ဦးကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

မကွေး ဇန်နဝါရီ ၇

မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု၊ လျောင်းတော်ဦးကျေးရွာရှိ အထက်တန်းကျောင်းခွဲတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်သူအကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများတွင် စနစ်တကျ ထိထိရောက် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကြောင်း၊ မကွေးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၈၁၇)ဦးရှိသည့်အနက် အင်အား(၃၀၀)ဦးအား လေ့ကျင့်သင်ကြားပေးပြီးဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှိုင်းကိုကိုမောင်က သင်တန်းဖွင့်လှစ်ခြင်း၊ သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးဖြင့် ဇန်နဝါရီ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖွင့်လှစ်လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းဖွင့်အခမ်းအနားသို့ မကွေးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုမောင်၊ ကျေးရွာမီးဘေးကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူ့လူထု၏အသက်အိုးအိမ်စည်းစိမ်များ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနည်းတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း စနစ်တကျ ထိထိရောက် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းများကို ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)