ဂန့်ဂေါ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေး ဝန်ထမ်းများက လာ ရောက်၍ ဆေးထိုးနှံပေးသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်စပ်လျဉ်း၍ "ပုံမှန်ကာကွယ်ဆေးအဖြစ် ပြင်းထန် တီဘီရောဂါ၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးစသည့် ထိုးဆေးများကို တစ်နှစ်ခွဲအောက် ကလေးငယ်များအား ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်းများကို ပြုလုပ်ပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျော(ရိုတာ)နှင့် ဗီတာမင်(A) သံချဆေးများကို မွေးကင်းစ ကလေးငယ်များမှစ၍ ငါးနှစ်အောက်ကလေးငယ်များအား လာမည့်လ ဒုတိယပတ်တွင် ဆေးထိုးပေးခြင်း၊ ဆေးတိုက်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း" မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေးဆရာမ ဒေါ်လဲ့လဲ့ခိုင်က ပြောသည်။
အမှတ်(၄)ရပ်ကွက်တွင် ပုံမှန်ကာကွယ်ဆေးအား လာရောက်ထိုးနှံသည့် ကလေးငယ် ၂၀ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၁ ဦးရှိကြောင်းနှင့် ဆက်လက်၍ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆေးထိုး၊ ဆေးတိုက်လုပ်ငန်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်/ဆက်)