ငဖဲ ဖေဖော်ဝါရီ ၂၆
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်နေ တောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးမှ စီးပွားဖြစ်စနစ်တကျ မွေးမြူတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီ က အဆိုပါရုံး ခန်းမ၌ ကျင်းပရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဗျတ်နောလ်ထန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူ(၂၀)ဦး တက်ရောက်ကြပြီး ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက် များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ မွေးမြူရေးခြံဖြင့် စနစ်တကျ မွေးမြူနည်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့် ကုသနည်းများ၊ အစာအာဟာရ စနစ်တကျ ကျွေးမွေးနည်း၊ အသားတိုး ဝက်မွေးမြူနည်းစသည့် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဗျတ်နောလ်ထန်၊ ဒုဦးစီးမှူး ဒေါက်တာစုမိုမိုအောင်နှင့် ဒေါက်တာချစ်ချယ်ရီစိုးတို့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၂ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)