ပွင့်ဖြူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိရောက်စွာ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်လှစ်ရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေတို့က ယခုသင်တန်းသို့ တက်ရောက်သင်ယူကြမည့် ကျေးရွာ အရန် မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိမြို့ရွာ၌ တွေ့ကြုံလာမည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဉ်းပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုကင်းဝေးစေရေး အချိန်နှင့် တစ်ပြေးညီ ထိရောက်စွာ တုန့်ပြန် ဖြေရှင်း ကူညီဆောင်ရွက်ပေးနိုင်ရန် သင်တန်းမှ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ဂရုတစိုက် လေ့လာ သင်ယူသွားကြရန် ဆွေးနွေးပြောကြားသည်။
၎င်းနောက် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟက သင်တန်းသားများအတွက် ယူနီဖောင်းဝတ်စုံများကို သင်တန်းသား ကိုယ်စားလှယ်တစ်ဦးထံ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာပါက စနစ်တကျ ထိရောက်စွာ တုန့်ပြန် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အခြေခံ မီးငြှိမ်းသတ် နည်းပညာများ ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ရှာဖွေ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ၊ စစ်ရေးပြ နည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ပွင့်ဖြူမြို့နယ် သရက်အုပ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ( ၁၁ )ရွာမှ အရန် မီးသတ် တပ်ဖွဲ့ဝင် သင်တန်းသား စုစုပေါင်း ၅၀ ဦးတက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းအား ဇန်နဝါရီ ၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )