တာမွေမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ ၇

တာမွေမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းလုပ်ငန်းများအရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်   တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  တာမွေမြို့နယ်အတွင်း ဌာနများအလိုက် လက်ရှိဆောင်ရွက်လျက်ရှိသည့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်မည့်စီမံကိန်းအစီအစဉ်များကို ရပ်ကွက်များအလိုက် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းကလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဌာနများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရပ်ကွက်များအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် ရှင်းလင်းဆွေးနွေးခဲ့သည်။ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းကလည်း  တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်  အမှန်လိုအပ်သော  ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မို့မို့အောင် (ပြန်/ဆက်)