ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးအုပ်စု၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၇

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများအား မီးဘေး၊ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ကျွဲတဲ ကျေးရွာအုပ်စု၊ ဓမ္မာရုံခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ထူးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးလွင်ကိုလတ်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းများနှင့် သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များအကြောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပခုက္ကူခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကျော်နိုင်က သင်တန်းသားများကိုယ်စား ဦးထွန်းလင်းနိုင်အား အရန်မီးသတ်တပ်ဖွဲ့တူညီဝတ်စုံများပေးအပ်ပြီး သင်တန်း၏စည်းမျဉ်း၊ စည်းကမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ လုပ်ငန်းတာဝန်များ၊ လိုက်နာရမည့် စည်းမျဉ်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စုမှ သင်တန်းသား (၅၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး အခြေခံစစ်ရေးပြသင်တန်း၊ မီးသတ်ပညာ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း စသည့်ဘာသာရပ်များကို ဇန်နဝါရီလ ၆ ရက်မှ ၃၁ ရက်အထိ (၄) ပတ်ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပခုက္ကူမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ၊ ပခုက္ကူခရိုင် မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျွဲတဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများ၊ အရန်မီးသတ်တပ်ဖွဲ့ သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။

ဆလိုင်းကိုကီး