ကျောက်ပန်းတောင်း ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါရုံးသင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်ဒေသနေ လူငယ်များ အသက်မွေးဝမ်းကျောင်းမှုအထောက်အကူဖြစ်စေရန်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလရသမျှ အချိန်တိုအတွင်း အလေးထားသင်ကြားမှတ်သားကြစေလိုကြောင်းနှင့် မိမိတို့ဘဝရပ်တည်နိုင်ရေးတွင် ပြန်လည်အသုံးချနိုင်သည်အထိ ဆက်လက်လေ့လာသင်ယူသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာနှင့် သင်တန်းသားများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီး၊ သင်တန်းဖွင့်ပွဲကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် သင်တန်းဆရာက လက်တွေ့သင်ကြားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ဒေါင်းလည်၊ ကြပ်တွင်းကန်၊ သန်းကြီးကုန်း၊ ကြီးကန်၊ လဲဂွ၊ တွင်းဖြူ၊ ရသေ့တောင်ကျေးရွာနှင့် ရိုးခြားကျေးရွာများမှ သင်တန်းသား (၂၀) ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိဖြစ်ကြောင်း သိရပြီး၊ သင်တန်းဖွင့်ပွဲသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ စုစုပေါင်း (၂၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)