တွံတေး ဇန်နဝါရီ ၇
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၉/၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားကိုအ.ထ.က (၁) မှ ကျောင်းသား/သူများက ပြည်မြန်မာသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစိုးစိုးဦးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးမော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် အ.ထ.က (၂) ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ဆုပေးပွဲကို ကျင်းပရာ နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းဂုဏ်ဆောင် မြို့နယ်ဂုဏ်ဆောင်အားကစားသမားများနှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွင် ဉာဏစွမ်းရည်ဆု အားကစားထူးချွန်ဆု ဉာဏပညာစွမ်းရည်ဆုများနှင့် အားကစား၊ စာပေကဏ္ဍများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ဆရာ၊ ဆရာမများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
ဆုပေးအပ်ပွဲအပြီးတွင် မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ သီချင်းများ၊ အကများ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ စုံညီပွဲတော်သို့ ဆုရ ကျောင်းသား/သူများ ကျောင်းသားမိဘများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင် (တွံတေး)