သာစည်မြို့ အ.ထ.က(၂)၌ ပညာရေးစုံညီပွဲတော် နှင့် ကာယ၊ ဉာဏထူးချွန်ဆု ၁၁၃ ဆုချီးမြှင့်

သာစည် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒသကြီး သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါကျောင်း သူရိယခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ပညာရေးစုံညီပွဲတော်တွင်  မြို့နယ်ပညာရေးမှူး ဦးစိုးဦးက အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆွေက ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ကျောင်းသား၊ မိဘများ  ပူးပေါင်းဆောင်ရွက်ကြရန်၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းများကလည်း ဝိုင်းဝန်းအကြံပြုပေးကြရန်၊ ကျောင်းအတွက် လိုအပ်မှုများ လှူဒါန်းပေးသော အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်းတို့ကို ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ပညာရည်ချွန်ဆု၊ ခရိုင်အဆင့် ပညာရည်ချွန်ဆုနှင့် အားကစားဆုများ၊ မြို့နယ်အဆင့်ပညာရည်ချွန်ဆုနှင့် အားကစားဆုများ၊ ကျောင်းတွင်းအတန်းအလိုက် ပညာရည်ချွန်ဆုနှင့် အားကစားဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို  မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်သည်။

အဆိုပါ စုံညီပွဲတော်နှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများနှင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများ ပေးအပ်ပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                             

ထွန်းထွန်း(သာစည်)