ဆိပ်ဖြူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်းဘေး ကြက်သွန်နီ စိုက်ခင်းများအတွင်း အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် ချောင်းရေဝင်ရောက်မှုကြောင့် စိုက်ခင်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် ချောင်းမကြီးကျေးရွာရှိ ကြက်သွန်နီစိုက် တောင်သူများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ တောင်သူများသည် ဆောင်းသီးနှံကို ပဲမျိုးစုံစိုက်ပျိုးခြင်းနှင့် ကြက်သွန်နီကို အဓိကစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး ကုန်းစိုက်ခင်းများနှင့် ချောင်းသောင်ပြင်များတွင် စိုက်ပျိုးထုတ်လုပ်ကြသည်။ ကြက်သွန်နီ စိုက်ပျိုးရာတွင် ကြက်သွန်နီ ဥစိုက်နှင့် အပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်ကြပြီး ကြက်သွန်နီ ဥစိုက်ကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်တူးဖော်ထုတ်လုပ်ရောင်းချကြပြီး ကြက်သွန်နီ အပင်စိုက်ကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ယောချောင်းအတွင်း စိုက်ပျိုးနိုင်ရန် ဒီဇင်ဘာလဆန်းပိုင်းမှ ရေပြင်မြေပြင်များ ဆောင်ရွက်ကြရကာ ထွန်စက်များ၊ နွားရှဉ်းများဖြင့် သဲသောင်များဖယ်ရှားခြင်း၊ စိုက်ပျိုးရန် ရေချိန် မြေချိန် ပြုပြင်ဆောင်ရွက်၍ သဘာဝမြေဩဇာများဖြစ်သည့် နွားချေးနှင့် နှမ်းဖက်တို့ကို မြေခံထည့် စိုက်ပျိုးကြ သည်။
လက်ရှိကာလ၌ ယောချောင်းအတွင်း ကြက်သွန်နီစိုက်တောင်သူများ မြေဩဇာထည့် မြေပြင်ရေပြင် ဆောင်ရွက်ပြီးစီးကာ ကြက်သွန်စိုက်အလုပ်သမား ရရှိခြင်းအပေါ် မူတည်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပြီး ဇန်နဝါရီလဆန်းပိုင်းက ယောချောင်းအဖျားဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှု များရှိခဲ့ပြီး ယောချောင်းအတွင်း ချောင်းရေအနည်းငယ်မြင့်တက်ခဲ့ကာ မြေနိမ့်အခင်းများ ကြက်သွန်နီ စိုက်ခင်းများ ရေစိမ့်တိုးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပေါက်မြို့နယ်နှင့် ချောင်ဖျားကျေးရွာများမှာ ချောင်းရေ ဝင်ရောက်နေကြောင်း တောင်သူများအချင်းချင်း ဖုန်းသတင်းချိတ်ဆက် သတင်းပေးမှုကြောင့် စိုက်ခင်းများ မပျက်စီးရေး၊ မြေပြင်ထားသည့် မြေဩဇာများ မဆုံးရှုံးရန် ရေစောင့်ကြည့်ကာ နွားထွန်ရှဉ်းများ၊ ထွန်စက်များဖြင့် သဲဘောင်တင်ခြင်းများ၊ ချောင်းရေလွှဲ (မုဆိုး) ရိုက်ခြင်းများ ဆောင်ရွက်၍ စိုက်ခင်းများ ပျက်စီးမှုအန္တရာယ် ကြိုတင်ကာကွယ်လျက်ရှိကြောင်း ယခင်နှစ်များကလည်း အချိန်အခါမဟုတ် မိုးရွာသွန်းပြီး အလားတူဖြစ်စဉ်မျိုး ဖြစ်ခဲ့ဖူးကာ မြေပြင်ဆောင်ရွက်ပြီးချိန် ချောင်းရေမြင့်တက်ခဲ့မှုကြောင့် မြေဩဇာ များ ပျက်စီးဆုံးရှုံးခဲ့ဖူးကြောင်း ယခုနှစ်မှာ အဲလိုမဖြစ်စေရန် ကြိုတင်ဆောင်ရွက်ခြင်း၊ ရေစောင့်ကြည့်ပြီး ပြုပြင်လျက်ရှိကြောင်း ချောင်မကြီးကျေးရွာ ကြက်သွန်နီစိုက်တောင်သူများထံမှ သိရှိရကာ ဆိပ်ဖြူမြို့နယ် ယောချောင်းအထက်ပိုင်း စိုက်ခင်းများတွင် ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်း ချောင်းရေဝင်ရောက်မှုများ အနည်းငယ်ရှိပြီး လက်ရှိမှာ ချောင်းရေတန့်သွားပြီဖြစ်ကာ စိုက်ခင်း ထိခိုက်ပျက်စီးမှုတော့ မသိရှိရသေး ကြောင်း စိုက်ခင်းရေလွှမ်းသွားတာတွေ ရေစိမ့်တိုးတာတွေ ထိခိုက်မှုတွေကိုတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့် မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းများက တောင်သူများထံ စာရင်းကောက်ယူမှုများ ဆောင်ရွက် နေကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)