မြို့နယ်ဥပဒေပြုရေးဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ရုံးသစ် ဖွင့်လှစ်

မြို့သစ် ဖေဖော်ဝါရီ  ၂၆

မကွေးခရိုင်၊ မြို့သစ်မြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် တိုက်တန်းတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ဆက်လက်၍ ရုံးသစ်အား မြို့သစ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေဇော်ဝင်း တို့က အဆောက်အဦသစ် ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်းနှင့် ပတ်သက်၍ ဥပဒေပြုရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှ အခွင့်အရေးများ ရရှိစေရန်၊ ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူပိုင်ခွင့်တို့ကို ဆောင်ရွက်ရာ၌ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှု၊ စိတ်ကောင်း စေတနာကောင်းထား ရှိမှုတို့ကို အခြေခံ၍ ထိရောက်သည့် ဥပဒေဆိုင်ရာ အထောက်အကူများ ရရှိစေရန် ရည်ရွယ်ထားရှိလျက်ရှိသည့်အပြင် ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသည့် ပြစ်မှုအမျိုးအစားနှင့် အကြောင်းကိစ္စရပ်များကို လည်းကောင်း၊ ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခြင်းရှိပါက စားဝတ်နေရေးအတွက် ပျမ်းမျှကုန်ကျစရိတ်နှင့် မိသားစု ကျန်းမာရေး စရိတ်ပါမကျန် အစရှိသော အခြေခံအသုံးစရိတ်များ အပါအဝင် အချက်များဖြင့် တိုင်းတာစိစစ်ပြီး ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများသည် မိမိနှင့်သက်ဆိုင်သည့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သို့ သွားရောက် ဆက်သွယ်ပြီး သတ်မှတ်ထားသည့် ပုံစံများဖြည့်စွက်ကာ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ် ရေးမှူးများ၏ ဆင်းရဲနွမ်းပါးကြောင်း ထောက်ခံချက်ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်ဥပဒေပြုရေးဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊    မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ (NGO) အဖွဲ့များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော် (မြို့သစ်)