ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် အဆုပ်ရောင်ရောဂါ coronavirus နှင့်ပတ်သက်၍ ကူးဆက်နိုင်ချေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအား အသိပညာပေး ရှင်းလင်းပွဲကို၊ ယမန်နေ့၊ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင်ပြု လုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကိုကိုဇော် က တရုပ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် အဆုပ်ရောင်ရောဂါ (2019-n CoV) ဟုခေါ်သည့် Coronavirus နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ရောဂါကူဆက်နိုင်သည့် နည်းလမ်းများအနေဖြင့် အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် တိုက်ရိုက်ဝင်ရောက် ကူးဆက်နိုင်ကြောင်း၊ အရာဝတ္ထုနှင့် ထိကပ်နေသော ရောဂါပိုး များအား လက်နှင့်ထိတွေ့မိရာမှ ကူးဆက်နိုင်ကြောင်းနှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ အနေဖြင့် လွန်ခဲ့သည့် (၁၄) ရက်အတွင်း တရုပ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့သို့ ခရီးသွားခဲ့ခြင်း (သို့မဟုတ်) အဆုပ်ရောင်ရောဂါ (2019-nCoV) ဖြစ်ပွားသည်ဟု အတည်ပြုသူနှင့် အတူ နေထိုင်ခဲ့ပြီး ကိုယ်အပူချိန် ၃၈ ဒီဂရီ C / ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက် အထက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းနှင့် အားအင်ကုန်ခန်းခြင်း အစရှိသည့် ရောဂါ လက္ခဏာများ ဖြစ်ပွားလာတတ်ပါကြောင်းနှင့် ကာကွယ်ရမည့် နည်းလမ်းများအနေဖြင့် ရောဂါ ဖြစ်ပွားနေသူနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောရန်၊ နှာချေချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန် အစရှိသည့် နည်းလမ်းများကို အသိပေး ရှင်းလင်းပြီး၊ နိုင်ငံအနှံဖြစ်ပွားမှု ရောဂါကူးဆက်မှုနှင့် သေဆုံးမှုအခြေအနေများကို ပရိုဂျက်တာ ဖြင့် ရှင်းလင်းတင်ပြပြီး၊ ကျန်းမာရေးဝန်ထမ်းများက ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်နှင့် တာဝန်ရှိသူများ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၉၈)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)