ရေနံချောင်း ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းဒီဂရီကောလိပ်၌ YNDC Envoirnmental Club မှ ဦးဆောင် ပြုလုပ်သည့် "နွေဦးကဗျာလမ်း" တွင် ထင်ရှားသော ကဗျာဆရာများ၏ ကဗျာများနှင့် ရေနံချောင်းဒီဂရီကောလိပ်မှ ကဗျာဝါသနာရှင် ကျောင်းသားကျောင်းသူများ၏ ကဗျာများကို လမ်းတစ်လျှောက်ရှိ သစ်ပင်များတွင် ချိတ်ဆွဲထားခြင်း ၊ ရောင်စုံထီးလှလှလေးများဖြင့် အလှဆင်ခြင်းများ ဆောင်ရွက်ထားကြောင်း တွေ့ရှိရသည်။
"ကျောင်းသားကျောင်းသူများအနေဖြင့် နွေရာသီ၏ လှပမှုအလှတရားများကို စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကြည့်ရှုခံစားတတ်စေရန်၊ ရသစာပေများကို ချစ်မြတ်နိုးတတ်စေရန်၊ စာမေးပွဲဖြေဆိုရန် နီးချိန်တွင် စိတ်ဖိစီးမှုမရှိစေရန်နှင့် စိတ်ပေါ့ပါးလန်းဆန်းစေရန်၊ ကျွန်တော်တို့ ရေနံချောင်း ဒီဂရီကောလိပ် ကျောင်း က ကျောင်းသား/ ကျောင်းသူ ကဗျာဆရာများ၏ ကလောင်အရည်အသွေး ပိုမိုထက်မြတ်စေရန် ရည်ရွယ်ချက်များဖြင့် YNDC Environmental Club မှ ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်" ဟု ရေနံချောင်းဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ခွန်အားက ပြောကြားသည်။
ရေနံချောင်းဒီဂရီကောလိပ် တွင် "နွေဦးကဗျာလမ်း" ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ (၃) ရက် တိုင်တိုင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး "နွေဦးကဗျာလမ်း" တွင် လာရောက်ကြည့်ရှုကြပြီး မှတ်တမ်းတင် အလှဓာတ်ပုံများ ရိုက်ကူးခြင်းနှင့် သစ်ပင်များတွင် ချိတ်ဆွဲထားသည့် ကဗျာလေးများကို လှည့်လည်ဖတ်ရှု လေ့လာသည့် ကျောင်းသားကျောင်းသူများ ဖြင့် စည်ကားလျက်ရှိကြောင်းသိရှိရသည်။
ငြိမ်းငြိမ်းအိ