ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်းမှု သက်မွေးဝမ်းကျောင်း ဆောင်ရွက်နိုင်စေရန်အတွက် အဝတ်လျှော်ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးများ သက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန်အတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနိုင်စေမည့် အဝတ်လျှော် ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့  နံနက် ၁၀ နာရီက  အဆိုပါရုံး   သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေက သင်တန်းဖွင့် လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်နန်းမြင့်ဦး(Upper KMN)နှင့် သင်တန်းသူများအား တစ်ဦးချင်း မိတ်ဆက် ပေးသည်။

ယင်းနောက် သင်တန်းဖွင့်ပွဲအား ရုပ်သိမ်း၍ သင်တန်းနည်းပြဆရာမ ဒေါ်နန်းမြင့်ဦးက အဝတ်လျှော်ဆပ်ပြာရည် ပြုလုပ်ရာတွင် အသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများနှင့် ထည့်သွင်း အသုံးပြုရမည့် အချိုးအစားများကို ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နှင့်အနီးဝန်းကျင်ကျေးရွာများမှ အမျိုးသမီးငယ်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းအမျိုးသမီးများ စုစုပေါင်း(၁၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၁၅)ရက်ဖြစ်ကြောင်းသိရ သည်။

နေအောင်(ပြန်/ဆက်)