ဂန့်ဂေါ ဖေဖော်ဝါရီ ၂
ဂန့်ဂေါမြို့၊ အမှတ်(၄)ရပ်ကွက် (၂)ကြိမ်မြောက် ခေမာသီဝံဓမ္မစကူးလ် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် ခေမာသီဝံ စာသင်တိုက်၌ ပြုလုပ်ရာ သာသနဓဇ ဓမ္မာစရိယ ဆရာတော် ဦးပညာဝံသထံမှ ငါးပါးသီလကို ခံယူတည်ဆောက်ကြသည်။
ဆက်လက်၍ ခေမာသီဝံဘုန်းကြီးကျောင်းဂေါပက ဦးကျော်ဝင်းက အဟာရကုသိုလ်ရှင်များအား လည်းကောင်း၊ ခေမာသီဝံဘုန်းကြီးကျောင်း ဂေါပက ဦးမောင်အေးက ဓမ္မစကူးလ် ဆရာ၊ ဆရာမများအား လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နိုင်က ခေမာသီဝံဓမ္မစကူးလ် ကျွေးမွေးစောင့်ရှောက်ရေး အဖွဲ့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြသည်။
ထို့နောက် ဓမ္မစကူးလ် ကျောင်းတက်မှန်ကန်ဆုအား သာသနဓဇဓမာစရိယ ဦးပညာဝံသ က လည်းကောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲတွင် (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဝိနယဓရ ဝိနယကောဝိဒ ပိဋကတ်တစ်ပုံဆောင် ဦးစန္ဒောဘာသာလင်္ကာရ က လည်းကောင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲတွင် (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများအား သာသနပါ ဓမ္မာစရိယ ဦးဟိတေသက က လည်းကောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲတွင် (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများအား သာသနဓဇဓမ္မာစရိယ ဦးသံဝရ က လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)