ကျောက်ပန်းတောင်း ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက အမှာစကားပြောကြားရာတွင် စီမံကိန်းရန်ပုံငွေများကို ကျေးရွာများ၌ ခွဲဝေသုံးစွဲရာတွင် လုပ်ထုံး/လုပ်နည်း၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ခွဲဝေသုံးစွဲပြီး၊ စာရင်းဇယားများကိုလည်း စနစ်တကျ ရေးစွဲမှတ်တမ်းထားရှိကြဖို့ လိုအပ်ကြောင်းနှင့် အမှန်တကယ်အကျိုးရှိရှိနှင့် မိမိတို့ဘဝများ တိုးတက်မှုရှိစေရန် စနစ်တကျ သုံးစွဲသွားကြရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေက ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီများ၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းမှာကြားပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်ဆောင်ရွက်ကြမည့် ကျေးရွာများဖြစ်သည့် တောင်ပေါ်ဗလုံ ကျေးရွာ၊ သနပ်ပင်ကျေးရွာနှင့် လှိူင်သာကျေးရွာများမှ ကျေးရွာကိုယ်စားလှယ်များအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က တစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၀၀)စီ လွှဲပြေင်းပေးအပ်ခဲ့သည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့်ဝန်ထမ်းများ၊ ကျေးရွာ(၃)ရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)