မအူပင်မြို့တွင် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲရေး ဆွေးနွေးပွဲကျင်းပ

မအူပင်      ဇန်နဝါရီ        ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက မအူပင်မြို့အတွင်း ဆိုင်ကယ်ကယ်ရီဂိတ် (၁၆) ဂိတ်ရှိပြီး ကယ်ရီမောင်းသူ ၅၀၀ ဦးခန့်ရှိကြောင်း၊ ဆိုင်ကယ်မောင်းသူတိုင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာပြီး မောင်းနှင်ရန်နှင့် အသင်းခိုင်မာစွာ ရပ်တည်နိုင်ရေး၊ အသင်းဝင်မိသားစုတိုင်းအား စားဝတ်နေရေးအဆင်ပြေစေရန် အသင်းရန်ပုံငွေ ထည့်ဝင်ခြင်း လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် ထောက်ပံ့ပေးနိုင်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မအူပင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းဝင်း၊ အမှတ် (၈၂) ယာဉ်ထိန်းရဲနပ်ဖွဲ့စုတာဝန်ခံ ရဲအုပ် ဇော်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မအူပင်မြို့ ဆိုင်ကယ်ကယ်ရီအသင်းဥက္ကဋ္ဌ ဦးကျော်တင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင် (မအူပင်)၊ ဝဠာနိုင် (ညောင်တုန်း)