ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆု ၅၅၆ ဆု ချီးမြှင့်

ရန်ကုန်  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ-ထ က (၂) ကျောင်း စပယ်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျင်ဆန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်နှင့် ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျင်ဆန်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က ပညာရေးစုံညီပွဲတော် ကျင်းပရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ထူးချွန်ထက်မြက်သော တိုင်းဒေသကြီးအဆင့် ပညာရည်ချွန်ဆု၊ ခရိုင်အဆင့် ပညာရည်ချွန်ဆုနှင့် အားကစားဆုများ၊ မြို့နယ်အဆင့် ပညာရည်ချွန်ဆုနှင့် အားကစားဆုများ ရရှိသော ကျောင်းသား၊ ကျောင်းသူ ၅၅၆ ဦးအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။

အဆိုပါ စုံညီပွဲတော်နှင့် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ကျောင်းသား ကျောင်းသူလေးများက တေးသရုပ်ဖော် အကများနှင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)