အောင်မြေသာစံမြို့နယ်တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မန္တလေး  ဇန်နဝါရီ  ၈

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အောင်မြေသာစံမြို့နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်၈နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၄လမ်းနှင့် ၂၅လမ်းကြား၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ဧသီဒါခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် မန္တလေးခရိုင် ပညာရေးမှူး ဦးခင်မောင်မြင့်တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် အောင်ချက်အကောင်းဆုံး (မြို့နယ်အဆင့်) ဆုများနှင့် ထူးချွန်ဆရာ၊ ဆရာမများအား ဆုများချီးမြှင့်ပေးအပ်ကြပြီး၂၀၀၉-၂၀၂၀ ပညာသင်နှစ် အိုးဘိုအကျဉ်းဦးစီးစာစစ်ဌာနသို့ ပညာဒါန သွားရောက်သင်ကြားပေးသော ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြသည်။

ထို့နောက် အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်းမှ Grade-3 ကျောင်းသူလေးများက ငြိမ်းအေးတို့ရွာ သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်‌ပေးအပ်ကြသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ကျော်ဦး၊ မန္တ‌လေးခရိုင် ပညာရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်နှင့် လက်ထောက်ပညာရေးမှူးများ၊ မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ သီဆို၍ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)