တောင်တွင်းကြီး၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၉၀)ဦး ဝင်ရောက် ဖြေဆိုမည်

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၅

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခု၌ တက္ကသိုလ်ဝင် စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၆၀၉၀ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းက “မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မြို့နယ်အတွင်း ရှိ စာစစ်ဌာနများ၌ ကျောင်းသား ၂၇၅၁ ဦး၊ ကျောင်းသူ ၃၃၃၉ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၀၉၀ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်များကို မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနများဖြစ်တဲ့   အခြေခံပညာကျောင်းများမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက် ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ကျင်းပမည့် ကာလတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦး​အောင်မြင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စာစစ်ဌာနများသို့ သွားရောက်၍ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း(တောင်တွင်းကြီး)