ဂန့်ဂေါ ဖေဖော်ဝါရီ ၂၅
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်အတွင်း သဘာဝ မြေဆွေးပုံများ တိုးချဲ့အသုံးပြုနိုင်ရေး ပညာပေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ကျေးရွာ ၁၂ ရွာတွင် သဘာဝမြေဆွေးပုံ ၂၅ ပုံ ပြုလုပ်ထာပြီးဖြစ်ကြောင်း သိရသည်။
မီသိန်းဓါတ်ငွေ့ကဲ့သို့သော ဖန်လုံအိမ်ဓါတ်ငွေ့များ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ရန်၊ မြေဆီလွှာ ပျက်စီးမှုများမှ ကာကွယ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက် လာစေရန်၊ မြေဩဇာအတွက် တောင်သူများ စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာစေရန်၊ ဂေဟပါတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စားသုံးသူများ ဘေးကင်းလုံခြုံရေးတို့အတွက် အထောက်အကူဖြစ်စေရန် ဓါတုမြေဩဇာများကို လျှော့ချပြီး ကောင်းစွာ ဆွေးမြေ့ နေသည့် သဘာဝမြေဩဇာများကို ပြုလုပ်သုံးစွဲကြရန် ပညာပေး စည်းရုံးဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ပြောပြသည်။
သဘာဝမြေဩဇာများ ပြုလုပ်ရာတွင် အကျိုးပြု အဏုဇီဝများဖြစ်သည့် EM ၊ IMO ၊ ထရိုင်ကိုဒါးမားတို့ကို အသုံးပြု၍ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ ပေါင်းမြက်၊ ဖွဲနု၊ ဖွဲကြမ်း စသည်တို့နှင့် နွားချေး၊ ကျွဲချေး၊ ကြက်ချေးများ ကဲ့သို့သော တိရစ္ဆာန် အညစ်အကြေးတို့ကို ဆွေးမြေ့အောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နှင့် အခြားကျေးရွာများ တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်သားမောင်သန်း