ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းကစ၍ ကျေးရွာများအရောက် သွားရောက်ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူဦးဆောင်၍ သူနာပြုဆရာမကြီး ဒေါ်ခင်စန္ဒာလှိုင်၊ ကျန်းမာရေးကြီးကြပ်(၁) ဦးဝေယံစိုးဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက မေတ္တာကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံပြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူက ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) စတင်ဖြစ်ပေါ်လာပုံနှင့် ရောဂါလက္ခဏာများ ကာကွယ်ဆေး မရှိသေးသဖြင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို လိုက်နာကြရန်၊ မိမိတို့ပတ်ဝန်းကျင်တွင် နိုင်ငံရပ်ခြားမှ ပြန်ရောက်လာပြီး သံသယရှိသော ရောဂါလက္ခဏာပိုင်ရှင်များ တွေ့ရှိပါက မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြားရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျန်းမာရေးကြီးကြပ် (၁) ဦးဝေယံစိုးဝင်းက ကာကွယ်ရမည့် နည်းလမ်းများအနက် နှာခေါင်းစည်း(mask) အသုံးပြုပုံနှင့် မှန်ကန်သော လက်ဆေးနည်းများကို သရုပ်ပြဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မိမိတို့ သိရှိလိုသောအချက်များကို မေးမြန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူက ပြန်လည်ဖြေကြားပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တော်ကူး ကျေးရွာနှင့် မရမ်းကျေးရွာများသို့ သွားရောက်၍လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး (ရွှေခြံမြေ)