ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၄
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာအုပ်စုရှိ၊ ထန်းတောကြီး ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် ကျောင်းသုံးပရိဘောဂများပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁နာရီခွဲက အဆိုပါကျောင်းယာယီမဏ္ဍပ်တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအေးခိုင်နှင့် ဦးမျိုးဆွေဦးတို့က အဖွင့်အမှာစကား ပြောကြားကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့်ပရိဘောဂပစ္စည်းများမှာ ကျောင်းအတွက် အမှန်တကယ် လိုအပ်နေ သည့် ပစ္စည်းများဖြစ်သော White Board နှင့်စားပွဲခုံများ၊ စာသင်ခုံများဖြစ်သည်ကို တွေ့ရှိရပါကြောင်းနှင့် အဆိုပါပစ္စည်းများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြဖို့လည်း လိုအပ်မှာ ဖြစ်ပါကြောင်း၊ အလားတူပင် ရပ်ရွာလူထုကလည်း မိမိတို့ကျောင်းအတွက် လိုအပ်သည်များကို စည်းလုံးညီညွတ်စွာ ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးက ဂုဏ်ယူဝမ်းမြောက်စကား ပြောကြား ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ပုပ္ပား) တာဝန်ခံ ကိုမင်းဆန်းက ကျောင်းသားများ နွေရာသီကာလတွင် အလကားမနေဘဲ ပုပွားတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ အခမဲ့ဖွင့်လှစ်ထားသည့် ကွန်ပျူတာသင်တန်းများနှင့် အင်္ဂလိပ်စကားပြောသင်တန်းများသို့ လာရောက်၍ သင်ယူနိုင်ပါကြောင်းနှင့် မိဘများနှင့် ရပ်ရွာတာဝန်ရှိသူများညှိနှိုင်း၍ ပို့ပေးစေလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် စာသင်ခုံ များကို ကိုမင်းဆန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထန်းတောကြီးကျေးရွာ အ.မ.က သို့ လှူဒါန်းသော ပရိဘောဂပစ္စည်းများမှာ (၃ပေ-၆ပေ) White Board (၅)ချပ်၊ ဆရာ/ ဆရာမများစားပွဲနှင့် ကုလားထိုင်(၅) စုံနှင့် စာသင်ခုံ(၃၀) စုံဖြစ်ကြောင်း သိရပြီး တန်ဘိုးငွေ(၁၈) သိန်း(၇) သောင်းငါးထောင်ကျပ် ဖြစ်ကြောင်းသိရသည်။
အဆိုပါလှူဒါန်းပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးဆွေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးနှင့် ကျောင်းအုပ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၉၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)