ဒလမြို့နယ်၌ ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေး စီမံချက်၏ စီမံကိန်းလုပ်ငန်းစဉ်များမျှဝေခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ  ၂၄

ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် Actionaid Myanmar  တို့ ပူးပေါင်း၍ မြို့ပြဒေသရှိ ရပ်ရွာလူထုများအား ဘေးကင်းလုံခြုံ စေရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးအတွက် ရည်ရွယ်၍ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၏ ဒလမြို့နယ်၌ ဆောင်ရွက်ခဲ့သော ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေး စီမံချက်၏ စီမံကိန်းလုပ်ငန်းစဉ်များ မျှဝေခြင်း အခမ်းအနားကို  ယနေ့ နံနက်  ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကုန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် Actionaid Myanmar  စီမံကိန်း မန်နေဂျာ ဒေါ်ခင်ဝင်းကြည်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၏ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများ ကြိုတင်ကာကွယ်နိုင်ရေး၊  ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊  NGO၊  INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ရပ်ရွာအတွင်းရှိ ဒေသခံပြည်သူများ၏ တွေ့ကြုံရ သည့် အခက်အခဲများစသည့် ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကို မျှဝေပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များက  သိလိုသည်များကို မေးမြန်းခြင်းနှင့် အတွေ့အကြုံများကို အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။

Actionaid Myanmar မှ ဥရောပသမဂ္ဂ၏ ကူညီထောက်ပံ့မှုဖြင့် မြို့ပြဒေသရှိ ရပ်ရွာလူထုများအား ပိုမိုဘေးကင်း လုံခြုံစေရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေး ရည်ရွယ်ချက်များဖြင့်  ငွေကျပ် သိန်း (၂၀၅) သိန်းခန့် တန်းဖိုးရှိ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများကို ရခိုင်ချောင် (မြောက်) ကျေးရွာ၊ သက္ကယ်ကွင်းကျေးရွာ၊ ရေတံခါးကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ ဓနုတ်စံပြကျေးရွာ စုစုပေါင်း ကျေးရွာ (၅) ရွာ နှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့်  သမ္မတကမ်းခြေရပ်ကွက်၊ ကမာကဆစ်ရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ မှော်စက်ရပ်ကွက်၊ ဆာပါချောင်ကျောင်းစု ရပ်ကွက်တို့ (၅) ခုတို့ အား အသီးသီးပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)