ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါနှင့် သွေးလှူရှင်များအကြောင်း သိကောင်းစရာဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် သွေးစစ်ဆေးခြင်းများပြုလုပ်

ပခုက္ကူ  ဖေဖော်ဝါရီ  ၂၄

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် သွေးလှူရှင်များအကြောင်း သိကောင်းစရာဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် သွေးစစ်ဆေးစစ်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက ပခုက္ကူတက္ကသိုလ်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ အရှေ့တိုင်းပညာဦးစီးဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာလှလှမြင့်က ဟောပြောပွဲကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်းနှင့် ကျောင်းတွင်းကျန်းမာရေးနှင့် ပတ်သက်သည့် ကြက်ခြေနီအသင်း၏ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရောဂါဗေဒ ရှာဖွေရေးအထူးကု ဆရာဝန်မကြီး ဒေါက်တာစောမြတ်သွယ်က သွေးလှူရှင်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ HIV, AIDS, ရောဂါများနှင့် ရောဂါအမျိုးအစားများ အကြောင်းတို့နှင့် ကြိုတင်ကာကွယ်နည်းနှင့် ကုသနည်းများ အကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဝင်းနိုင်က ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ လက်ရှိရောဂါ ဖြစ်ပေါ်ခံစားနေရသည့် နိုင်ငံများနှင့် ရောဂါဝေဒနာ လူနာရှင်များအခြေအနေ၊ ရောဂါပိုးဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ကြိုတင်ကာကွယ်နည်းလုပ်ငန်းများ၊ ရှောင်ကြဉ်ရမည့် စားသောက်မှုနှင့်အပြုအမူဆိုင်ရာနည်းလမ်းများ အကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/မများ၊ ကျောင်းသား/သူများက ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါအကြောင်းများ၊ သွေးလှူခြင်း ကိစ္စများအကြောင်း၊ အခြားရောဂါများ အကြောင်းစသည့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ အကြောင်းတို့နှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည်များ မေးမြန်းကြရာ ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာဆရာဝန်/ ဆရာမများက ပြန်လည်ဖြေကြားပြီး အပြန်အလှန်ဆွေးနွေးကြပြီး ကျောင်းသား/ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးပေးခြင်း၊ ရောဂါပိုးရှိ/မရှိစစ်ဆေးခြင်းများ ပြုလုပ်ကြ ကြောင်းသိရသည်။

ဆလိုင်းကိုကီး